ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကျောက်တံတား မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာမေသီတာခင်နှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များရှိ ရေစည်၊ ရေလှောင် ကန်များတွင် Abate ဆေးခပ်ခြင်း၊ သွေးလွန်တုပ်ကွေးဖြစ်စေသည့် ခြင်ကျား ပိုးလောက်လန်းကင်းစင်ရေးအတွက် မလိုအပ်သည့်တာယာအဟောင်းများ၊ ဘူးခွံ၊ ပုလင်းခွံများတွင် အိမ်သုံးပစ္စည်း အဟောင်းများထဲတွင် ရေတင်ကျန်၍ ပိုးလောက်လန်းများမပေါက်ပွားစေရေး စနစ်တကျစွန့်ပစ်ကြရန် အိမ်ရှေ့ရှိရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်နေမှသာ သွေးလွန်တုပ်ကွေးဖြစ်စေသည့် ခြင်များမပေါက်ပွားနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးကာ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် လူစည်ကားရာဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ဓမ္မာရုံများ၊ မူကြိုကျောင်းများနှင့် ရပ်ကွက်များအတွင်းရှိ လမ်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 မြို့နယ်(ပြန်ဆက်)