၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့နယ်မှ လူရည်ချွန် မောင်/မယ်များနှင့် တွေ့ဆုံမေးမြန်းခြင်း

မြင်းခြံ မေ ၇

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လူရည်ချွန်မောင်/မယ်များကို စနစ်တကျဖြင့် အောင်မြင်စွာ ရွေးချယ်ဆောင်ရွက်သည့် လူရည်ချွန် စီမံကိန်းလုပ်ငန်းစဉ် တစ်ရပ်လည်း ပါဝင်ပါသည်။ လူရည်ချွန် စီမံကိန်းဆောင်ရွက်ရာတွင် ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြု လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူများကိုစံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက် (၃) ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တို့တွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေအနေအရ ခေတ္တရပ်နားခဲ့ရသော လူရည်ချွန်စီမံကိန်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လူရည်ချွန်များ၏ အမည်စာရင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၉) ရက်‌နေ့တွင် ထုတ်ပြန်ပေးခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ပေးခဲ့သော လူရည်ချွန်များ၏ အမည်စာရင်းတွင် မြင်းခြံမြို့နယ်မှ (၅) ဦး ပါရှိခဲ့ပါသည်။ မြင်းခြံမြို့နယ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လူရည်ချွန် (၅) ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြပေးလိုက်ရပါသည်။

မမေမြတ်နိုးဇင်

မေး။   သမီးအမည်နဲ့ လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရမှု ပညာသင်နှစ်၊ ကိုယ်စားပြု မြို့နယ်နဲ့ ကျောင်းအမည် မိတ်ဆက်ပြောပြပေးပါဦး။

ဖြေ။    သမီးကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့ အ.ထ.က (၁) ကျောင်းမှ Grade-9 လူရည်ချွန်အဖြစ် ရွေးချယ်ခံရတဲ့ မမေမြတ်နိုးသော် ဖြစ်ပါတယ်ရှင်။

မေး။   သမီးအနေနဲ့ လူရည်ချွန်ဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ အခြေအနေလေးတွေ ပြောပြပေးပါ။

ဖြေ။    သမီးအနေနဲ့ လူရည်ချွန်ဖြစ်ဖို့အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာအပြင် အထွေထွေဗဟုသုတ အကုန်လုံး နှံ့စပ်အောင် လေ့လာရပါတယ်။ ဖေဖေမေမေကလည်း နေ့စဉ်ထုတ်သတင်းစာမှာပါရှိတဲ့ အထွေထွေဗဟုသုတများကိုလည်း ရှာဖွေကူညီပေးပါတယ်။ ဆရာ/ဆရာမများကလည်း သမီးအတွက် အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါတယ်ရှင့်။ သမီးအနေနဲ့ ပထမဆုံး လူရည်ချွန် ပြိုင်တဲ့အတွက်ကြောင့် အခက်အခဲများစွာ ရှိပါတယ်။ ကာယ (၅) မျိုး ပြိုင်ရာတွင်လည်း အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရန်အတွက် ကာယ (၅) မျိုး လေ့ကျင့်ခန်းကိုလည်း ကြိုတင်လေ့ကျင့် ဆောင်ရွက်ထားပါတယ်။

မေး။   ခုလို လူရည်ချွန် ဖြစ်ရခြင်းအပေါ် ခံစားရတဲ့ ဝမ်းသာပီတိစကားသံလေး ကြားပါရစေ။

ဖြေ။    လူရည်ချွန်အဖြစ် ရွေးချယ်ခံရတဲ့ အချိန်မှာ အရမ်းကို ဂုဏ်ယူပျော်ရွှင်ရပါတယ်။ သမီး အစ်ကိုကလည်း လူရည်ချွန် သုံးထပ်ကွမ်း ဖြစ်ခဲ့တဲ့အတွက်ကြောင့် အစ်ကို့ရဲ့ ခြေရာကိုလည်း မှီချင်တဲ့အတွက်ကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။

မောင်လင်းထက်ကို

မေး။   သားအမည်နဲ့လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရမှု၊ပညာသင်နှစ်များနဲ့ ကိုယ်စားပြု မြို့နယ်နဲ့ ကျောင်းအမည်မိတ်ဆက်ပြောပြပေးပါဦး။

ဖြေ။    သားကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့ အထက (၁) ကျောင်းမှ Grade-9 လူရည်ချွန်အဖြစ် ရွေးချယ်ခံရတဲ့ မောင်လင်းထက်ကို ဖြစ်ပါတယ်ဗျ။

မေး။   ခုလို လူရည်ချွန်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးစားလေ့လာခဲ့ရသလဲဆိုတာ သိပါရစေ။

ဖြေ။    လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ သားအတွက် တော်တော်ကြီး ပင်ပန်းခက်ခဲခဲ့ပါတယ်ဗျ။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် ကျောင်းစာတင်မကဘဲ ပြင်ပဗဟုသုတ၊ ကိုယ်ကာယ ကြံ့ခိုင်ရေးအားကစားများလည်း ပြည့်စုံနေမှရပါမယ်။ ကျောင်းစာမှာဆိုရင်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပြင်ပဗဟုသုတများစွာကိုလည်း လေ့လာရပါတယ်။ ပြင်ပဗဟုသုတများကို လေ့လာရာတွင် နေ့စဉ်ထုတ် သတင်းစာများအပြင် Online မှတဆင့်လည်း လေ့လာရပါတယ်။ ကိုယ်ကာယကြံ့ခိုင်ရေးအဖြစ် အားကစားများကိုလည်း ပင်ပန်းခက်ခဲစွာဖြင့် လုပ်ဆောင်ခဲ့ရပါတယ်။ အခြေခံအားကစားနည်း (၅)မျိုးဖြစ်တဲ့ အပြေး မီတာ (၁၀၀) နှင့် မီတာ (၄၀၀)၊ အခုန်၊ ဒိုက်ထိုး၊ အိပ်ထမတင် စသည့် လေ့ကျင့်ခန်းများကိုလည်း နီးကပ်မှလေ့ကျင့်ခြင်း မဟုတ်ဘဲ နေ့စဉ်ပုံမှန် ‌လေ့ကျင့် ပြုလုပ်ခဲ့ပါတယ်။

မေး။   သားအနေနဲ့ နေပြည်တော်မှာပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲတက်ရောက်ခဲ့ရတဲ့ အတွေ့အကြုံခံစားချက်လေး ပြောပြပေးပါ။

ဖြေ။    နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ လူရည်ချွန် မောင်/မယ်များ တွေ့ဆုံပွဲကို တက်ခဲ့ရတဲ့ အတွက်လည်း အရမ်းကို ပျော်ရွှင်ရပါတယ်။ လူရည်ချွန် မောင်/မယ်များစွာနဲ့ တွေ့ဆုံခဲ့ရတဲ့အတွက် ပျော်ရွှင်ရပါတယ်။ နိုင်ငံတော်အကြီးအကဲများနှင့်လည်း တွေ့ဆုံခဲ့ရပါတယ်။ တွေ့ဆုံခဲ့ရတဲ့ လူရည်ချွန် မောင်/မယ်များ၏ နေရာဒေသရဲ့ ယဉ်ကျေးမှုတွေအပြင် အခြားစိတ်ဝင်စားစရာများကို အပြန်အလှန် ပြောကြားခွင့်ရတဲ့အတွက်ကြောင့်လည်း ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။

မောင်ဟိန်းဇေယျာအောင်

မေး။   သားအမည်နဲ့ ကိုယ်စားပြု မြို့နယ်နဲ့ ကျောင်းအမည် မိတ်ဆက်ပြောပြပေးပါဦး။

ဖြေ။    ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့ အထက (၄) ကျောင်းမှ Grade-9 လူရည်ချွန်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရတဲ့ မောင်ဟိန်းဇေယျာအောင် ဖြစ်ပါတယ်ဗျ။

မေး။   လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရမှုအခြေအနေပြောပြပေးပါ။

ဖြေ။    လူရည်ချွန်အဖြစ် ရွေးချယ်ခံနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရမှာ အခက်အခဲများစွာ တွေ့ကြုံခဲ့ပြီး လူရည်ချွန်အဖြစ် ရွေးချယ်ခံရချိန်မှာတော့ အခက်အခဲများဟာ မခက်ခဲတော့ဘဲ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်အောင် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြတဲ့ မိဘ၊ ဆရာသမားတွေ၊ အားပေးစကားပြောခဲ့ကြတဲ့ လူကြီးတွေအနေနဲ့လည်း ကျွန်တော်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ကြတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်ဗျ။

မေး။   နေပြည်တော်မှာပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲတက်ရောက်ခဲ့ရတဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိခဲ့ပါသလဲ။

ဖြေ။    နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲကို တက်ရောက်ရတဲ့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ လူရည်ချွန်တွေ အားလုံးတွေ့ဆုံခွင့်ရတာကြောင့် အခြားဒေသမှာရှိတဲ့ ဓလေ့ထုံးတမ်းယဉ်ကျေးမှုတွေ၊ ဒေသန္တရ ဗဟုသုတတွေအပြင် မိတ်ဆွေ သူငယ်ချင်းအသစ်တွေလဲ ရရှိခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ အထွဋ်အမြတ်ထားသင့်တဲ့ အကြောင်းအရာတွေ၊ တန်ဖိုးကြီး သယံဇာတ အကြောင်းအရာတွေကိုလည်း ရှင်းပြပေးတဲ့အတွက် များစွာအကျိုးကျေးဇူးရရှိပါတယ်။ ဒါတင်မကသေးဘဲ တွေ့ဆုံပွဲမှာလည်း ပြခန်းတွေ ဖွင့်လှစ်ပေးထားတဲ့အတွက် မိမိတို့ စိတ်ဝင်စားရာ အားသန်ရာ အခန်းကဏ္ဍအလိုက် လေ့လာခွင့်ရရှိခဲ့ပါတယ်။ ဌာနဆိုင်ရာ လူကြီးတွေကလည်း လူရည်ချွန် မောင်/မယ်များ ပျော်ရွှင်စေရန်အတွက် မေးခွန်းတွေ၊ ဂိမ်းတွေ ကစားခိုင်းပြီး လက်ဆောင်လေးတွေ ပြန်ပြီးချီးမြှင့်ပေးတဲ့အတွက် ပျော်ရွှင်ရပါတယ်။

မသင်းပျံ့ပြည့်စုံ

မေး။   သမီးအမည်နဲ့ ကိုယ်စားပြုမြို့နယ်နဲ့ ကျောင်းအမည် မိတ်ဆက်ပြောပြပေးပါဦး။

ဖြေ။    သမီးကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့ Noble ကိုယ်ပိုင်အထက်တန်း ကျောင်းမှ Grade-10 လူရည်ချွန် မသင်းပျံ့ပြည့်စုံ ဖြစ်ပါတယ်ရှင်။ သမီးက ၂၀၂၃-၂၀၂၃ ပညာသင်နှစ်မှာလည်း လူရည်ချွန် ဖြစ်ခဲ့ပါတယ်ရှင့်။

 

မေး။   လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရမှုအခြေအနေလေး ပြောပြပေးပါ။

ဖြေ။    လူရည်ချွန် နှစ်ထပ်ကွမ်းအဖြစ် ရွေးချယ်ခံရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်ရှင့်။ ပထမအကြိမ် လူရည်ချွန် ဖြစ်ခဲ့သလို လူရည်ချွန် နှစ်ထပ်ကွမ်း ရွေးချယ်ခံရတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ရပါတယ်ရှင့်။

မေး။   လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကျောင်းစာပိုင်းတွင်သာမက အားကစားနဲ့ အခြားစာရိတ္တပိုင်းဆိုင်ရာ လေ့လာခဲ့ရတာလေးတွေ ပြောပြပေးပါ။

ဖြေ။    လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကျောင်းစာတင်မကဘဲ ပြင်ပဗဟုသုတတွေရယ် အားကစား (၅) မျိုးကိုလည်း စနစ်တကျ ပုံမှန် လေ့ကျင့်ခဲ့ရပါတယ်။ လူရည်ချွန်စာမေးပွဲ မဖြေမီ အချိန်မှာလည်း အခြားသော လူရည်ချွန်ပြိုင်ပွဲဝင် မောင်/မယ်များနှင့်အတူ မြင်းခြံမြို့ အားကစားကွင်းထဲမှာ အနီးကပ်လေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပါတယ်။ ပြင်ပဗဟုသုတအနေဖြင့် ဒေသန္တရဗဟုသုတတွေအပြင် နေ့စဉ်ထုတ် သတင်းစာများ၊ အထွေထွေဗဟုသုတ စာအုပ်များကိုလည်း လေ့လာဖတ်ရှုခဲ့ရပါတယ်။ ဘဝတွယ်တာ စာအုပ်တွေ စာရိတ္တစာအုပ်တွေကိုလည်း လေ့လာခဲ့ရပါတယ်ရှင့်။

မေး။   နေပြည်တော်မှာပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲတက်ရောက်ခဲ့ရတဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိခဲ့ပါသလဲ။

ဖြေ။    နေပြည်တော်မှာ ပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲမှာဆိုရင် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံခွင့်ရခဲ့တဲ့အပြင် အခြား တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူရည်ချွန် မောင်/မယ် ညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံခွင့်ရတဲ့အတွက် ထပ်တိုးပျော်ရွှင်ရပါတယ်ရှင့်။ လူရည်ချွန် အချင်းချင်း ယဉ်ကျေးမှုတွေ ဒေသန္တရ ဗဟုသုတတွေကို ဖလှယ်ခွင့်ရတဲ့အတွက်ကြောင့် များစွာ အကျိုးကျေးဇူး ရရှိခဲ့ပါတယ်။ နိုင်ငံတော်မှ လူရည်ချွန် မောင်/မယ်များအတွက် ယခုလို တွေ့ဆုံပွဲ ပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ရှင့်။ မိမိတို့မြို့မှာလည်း သမီးတို့ကိုလည်း ယခုလို အသိအမှတ်ပြု တွေ့ဆုံပွဲ ပြုလုပ်ပေးတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်ရှင့်။

မောင်သိန်းတိုးအောင်

မေး။ သားအမည်နဲ့ ကိုယ်စားပြုမြို့နယ်၊ ကျောင်းအမည်နဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရမှု ပညာသင်နှစ်များကို ပြောပြပေးပါအုံး

ဖြေ။    ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့ Word Star Education Centre (WSEC) ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-12 လူရည်ချွန် မောင်သိန်းတိုးအောင် ဖြစ်ပါ တယ်ဗျ။ ကျွန်တော်ကတော့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ Grade-8 လူရည်ချွန်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade-11 လူရည်ချွန်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ Grade-12 လူရည်ချွန် အဖြစ် သုံးကြိမ် ရွေးချယ်ခြင်း ခံရပါတယ်ဗျ။

မေး။   သားအနေနဲ့ အခုလို သုံးထပ်ကွမ်းလူရည်ချွန်ဖြစ်ဖို့ ကြိုးစားခဲ့ရပုံလေးတွေကို ပြောပြပေးပါဦး။

ဖြေ။    လူရည်ချွန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ အားကစားနည်းများကိုလည်း စနစ်တကျ ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်။ ကျောင်းစာအပြင် အထွေထွေဗဟုသုတများကို လေ့လာရပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်ရပါတယ်။ လူရည်ချွန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတတွေ၊ ကိုယ်ကာယအားကစားနည်းများကိုလည်း လေ့ကျင့်ဖို့ လိုပါတယ်။

မေး။   နေပြည်တော်မှာပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲတက်ရောက်ခဲ့ရတဲ့ ခံစားချက် အတွေ့အကြုံလေး ပြောပြပေးပါဦး။

ဖြေ။    နေပြည်တော်မှာပြုလုပ်တဲ့ လူရည်ချွန်တွေ့ဆုံပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး မှာရှိတဲ့ လူရည်ချွန် မောင်/မယ်များနှင့် တွေ့ဆုံခဲ့ရတဲ့အတွက် အသိပညာဗဟုသုတ အချင်းချင်းဖလှယ်ခွင့်ရခဲ့တဲ့အပြင် သူငယ်ချင်းမိတ်တွေများစွာလည်း ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ လူရည်ချွန်များကို ယခုလို အခမ်းအနားပြုလုပ်ပေးတဲ့ အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲများကိုလည်း ကျေးဇူးတင်ရှိပါတယ် ဝမ်းသာပီတိလဲ ဖြစ်ရပါတယ်။

မေး။   သုံးထပ်ကွမ်းလူရည်ချွန်တစ်ဦးအနေနဲ့ မျိုးဆက်သစ်လူရည်ချွန်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။    နောင်လာမယ့် ညီအစ်ကို မောင်နှမများကိုလည်း မိမိတို့ဖြစ်ချင်တဲ့ အရာကို အဆုံးအစွန် ထိရောက်အောင် ပြုလုပ်ကြပါ။ မိမိတို့လိုချင်တဲ့အရာကို ရရှိဖို့အတွက် ဇွဲမလျှော့ဘဲ ထပ်ကာထပ်ကာ ကြိုးစားကြဖို့၊ အရှုံးတွေ့ရင်လဲအနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်ကြပါလို့ အကြုံပြုတိုက်တွန်းလိုပါတယ်။

ယခုလို ဖြေကြားပေးတဲ့ လူရည်ချွန် မောင်/မယ် (၅)ဦးအား ကျေးဇူးအထူးတင်ရှိပါတယ်။

အေးအေးနွဲ့(မြန်မာစာ)