မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ​မေ ၇

မွန်ပြည်နယ်တွင် လူငယ်​၊ လူရွယ်လေးများအ​နေဖြင့် အားကစားနည်းများကို အခြေခံကျနားလည်တတ်​မြောက်​စေရန်နှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေခြင်းဖြင့် အခြေခံအားကစားနည်းစနစ်တွေကို သိရှိနားလည် တတ်ကျွမ်းလာစေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်​ပေးရခြင်းဖြစ်ပါ​ကြောင်း​၊ မျိုးဆက်သစ်လူငယ်များကိုလည်း ဗလငါးတန်နှင့်ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာမရှိမဖြစ်လိုအပ်သည့်  အခန်းကဏ္ဍတစ်ခုဖြစ်ပြီး နွေရာသီအခြေခံ အားကစားသင်တန်းကနေ ပြည်နယ်အတွက် အားထားရသည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာမှာဖြစ်သလို အားကစားအဆင့်တန်းလည်း ထွန်းတောက်လာမှာဖြစ်​ကြောင်း၊ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကိုလည်း ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းတို့အပြင် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ သင်တန်းသူ၊ သင်တန်းသား အားကစား မောင်မယ်​လေးများအ​နေဖြင့် ယခုလို နွေရာသီအခြေခံအားကစားသင်တန်းကနေ အားကစား၏အခြေခံကောင်းရရှိပြီး လေ့ကျင့်သွားကြမည်ဆိုရင် နိုင်ငံတော်အတွက်အားထားရသည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာမှာဖြစ်သလို မွန်ပြည်နယ်၏ အားကစားအဆင့်အတန်း ပိုမိုထွန်းတောက်လာမှာဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအခြေခံအားကစားသင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းကြီးကြပ်၊ နည်းပြများအား ဂုဏ်ပြုဆုငွေများ ​ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းသူ၊ သင်တန်းသားများမှ ကရာတေးအားကစားနည်းနှင့် မြန်မာသိုင်းစွမ်းရည်သရုပ်ပြသမှုအားလည်းကောင်း၊ Fitness Dance အကဖြင့် သရုပ်ပြသ‌နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံအာ​ပေးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)