သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သုံးခွ မေ ၇

ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ စာပေချစ်သူများ၊ စာဖတ်ပရိသတ်များ စာပေကိုပိုမိုချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ စာရေးဆရာဗန်းမော်တင်အောင်ရေးသားသည့် "ရဲဘော်အောင်ဒင်”၏ စာအုပ်အား လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊

ဦးစွာ Book Club အဖွဲ့ဝင် ဦးကြည်စိုးလွင်က ယခုလို စာဖတ်ဝိုင်းတွေကို စဥ်ဆက်မပြတ်ပြုလုပ်ပေးသည့် မြို့နယ်ဦးစီးအရာရှိနှင့် စာပေဖတ်ရှုလေ့လာသည့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များကိုလဲ စာဖတ်ဝိုင်းကျင်းပရာတွင် တက်တက်ကြွကြွပါဝင်ပြုလုပ်ရခြင်းအပေါ် အမြဲပင်အားရကျေနပ်ပီတိဖြစ်မိပါကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဗန်းမော်တင်အောင်ရေးသားသည့် ရဲဘော်အောင်ဒင် စာအုပ်ပါအကြောင်းအရာများကိုပြောကြားရာတွင် ယနေ့ခေတ်လူငယ်များအနေဖြင့် ကျောင်းစာများသင်ကြားသည့်အပြင် ပြင်ပဗဟုသုတရရှိမည့်စာပေ၊ ဗဟုသုတများဖြစ်သည့်သုတ၊ရသစာအုပ်များကိုလဲဖတ်ရှုစေလိုကြောင်း၊ ယခုစာဖတ်ဝိုင်းပြုလုပ်သည့် စာရေးဆရာဗန်းမော်တင်အောင်ရေးသားသည့်  ရဲဘော်အောင်ဒင် စာအုပ်ပါအကြောင်းအရာများထဲမှာ ရဲဘော်အောင်ဒင်၏ စိတ်သဘောထားဖြူစင်စိတ်၊ လောကဓံအပေါ်ကြံ့ကြံ့ခံနိုင်စိတ်၊ စာပေကိုချစ်မြတ်နိုးစိတ်၊ ရိုးသားဖြူစင်စိတ်များကြောင့် ရဲဘော်အောင်ဒင်၏ တိုးတတ်မြင့်မားရာဘဝလမ်းကြောင်းဝယ်အကောင်းဆုံးသော သုခများကိုရရှိမည်ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ပြောကြားသည်။

ထို့နောက် Book Club အဖွဲ့ဝင် မောင်လွင်ဦးက စာအုပ်ပါအကြောင်းအရာများထဲမှ ဗန်းမော်တင်အောင်ရေးသားသော ရဲဘော်အောင်ဒင် ပြောဆိုသည့် စာပိုဒ်များထဲမှ ဘယ်လောက်များများကိုယ်ရေးချင်သည့် အကြောင်းအရာတွေကို စာဖတ်သူတွေလွယ်လွယ်နှင့် ရေးတတ်ရန်လိုကြောင်း၊ တိုတိုပြောရမည်ဆိုလျှင်ဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းဖို့လိုပါကြောင်း၊ ဘာသာစကားကို တတ်ကျွမ်းဖို့ကတော့ ဝေါဟာရကိုကြွယ်ကြွယ်ဝဝတတ်ထားရန်နှင့် မှန်မှန်ကန်ကန်အသုံးပြုတတ်ရန်လိုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် မယဥ်သာလင်းလတ်က ဗန်းမော်တင်အောင်ရေးသားသော ရဲဘော်အောင်ဒင်၏ မိုးရာသီ မြစ်ကျိုးတိုက်ပွဲဝတ္ထု၊ အမျိုးသားလွတ်လပ်ရေးနှင့်ဖက်ဆစ်ဆန့်ကျင်ရေးဆိုင်ရာ တိုက်ပွဲဝတ္ထုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသစာအုပ်များ၊ နံရံကပ်စာစောင်းများအား စာပေချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

စည်သူလင်း ပြန်/ဆက်