ပုသိမ်ကြီး မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအိမ်တွင်းလျှပ်စစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နန္ဒာခေတ်မီစံပြကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက မိတ်ဆက်စကားပြောကြား၍ အိမ်တွင်းလျှပ်စစ်သင်တန်း သင်ရိုးညွှန်းတမ်းစာအုပ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို မေလ ၇ ရက်မှ စတင်ကာ ၁၅ ရက်ကြာ ဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို