တွံတေးမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့်ကျေးရွာစာကြည့်တိုက်ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တွံတေး  မေ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များတိုးတက်ဖွံ့ဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီနှင့် ကျေးရွာစာကြည့်တိုက်ကော်မတီတို့ စာကြည့်တိုက်ရေရှည်တည်တံရေး၊ ရှင်သန်ဖွံဖြိုးရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တွံတေးမြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှသိမ်း ( စာရေးဆရာမင်းသျှင်အောင်-တွံတေး)က ရပ်ကွက်၊ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာကြည့်တိုက်ကော်မတီတည်မြဲရေး၊ စာဖတ်သူတိုးပွားရေး၊ စာအုပ်စာစောင်တိုးပွားရေးတို့ကို ဆွေးနွေးရှင်းလင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းက ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများမှ ပိုမိုကောင်းမွန်သည့်နည်းလမ်းများဖြင့်ဆောင်ရွက်မည့် အခြေအနေများနှင့် စာကြည့်တိုက်များတွင်လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာလုပ်ငန်းများ ကောင်းမွန်စေရေးအတွက် စာကြည့်တိုက်မှူးများမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်ခဲ့‌သော သင်တန်းများတွင် ပို့ချသည့်နည်းစနစ်များအတိုင်း စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက စာကြည့်တိုက်များလက်ရှိလည်ပတ်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌမှ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်တာဝန်ခံများဆွေးနွေးမှုအပေါ် စာကြည့်တိုက်များ၏အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆွေးနွေးပြီးစာကြည့်တိုက်တစ်တိုက်အောင်မြင်ရန်အတွက် စာကြည့်တိုက်ကော်မတီတစ်ရပ်ခိုင်ခိုင်မာမာဖွဲ့စည်းထားရေး၊ ရန်ပုံငွေရရှိအောင်ဆောင်ရွက်နိုင်ရေး၊ စာကြည့်တိုက်အသင်းဝင်ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စာငှားပရိတ်သတ်ရရှိအောင်ဆောင်ရွက်ရေး၊ စာကြည့်တိုက်အဆောက်အဦကို ရေရှည်တည်တံ့အောင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။

တွံတေးသား