မိုးညှင်းမြို့၌ ၂၀၂၄ခုနှစ် လူရည်ချွန်မောင်မယ်ခြောက်ဦးအား ကြိုဆိုဂုဏ်ပြု

မိုးညှင်း မေ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်မှ ၂၀၂၄ ခုနှစ် ထူးချွန်ထက်မြက်သည့် လူရည်ချွန်မောင်မယ်များသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်ခဲ့ကြပြီး မေလ (၆) ရက် မွန်းလွဲ (၁) နာရီခွဲက မိုးညှင်းမြို့သို့ ပြန်လည်ရောက်ရှိလာကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက ဂုဏ်ပြုပန်းစည်းများဖြင့် နွေးထွေးစွာကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ်မှ ၂၀၂၄ခုနှစ်တွင် လူရည်ချွန်မောင်မယ် ခြောက်ဦးဖြစ်ပြီး ၎င်းလူရည်ချွန်ခြောက်ဦးတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ Grade-12 မှ လူရည်ချွန်မောင်မယ် နှစ်ဦး၊ Grade-11 မှ လူရည်ချွန်မောင်မယ် နှစ်ဦး၊ Grade-9 မှ လူရည်ချွန်မောင်မယ် တစ်ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ လူရည်ချွန်မောင်မယ်တစ်ဦး စုစုပေါင်းလူရည်ချွန်မောင်မယ် (၆) ဦးတို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး မေလ (၆) ရက် နေ့လည်ပိုင်းတွင် မော်တော်ကားများဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည့် လူရည်ချွန်မောင်မယ်များကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေဦးဆောင်သည့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများက အိုးစည်ဗုံမောင်းများဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြပြီး အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများတွင် နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံ ဂုဏ်ပြုကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း