၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်မှု အသိပညာပေးဆွေးနွေးပွဲနှင့် တောင်သူ အစုအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

မြစ်သား  မေ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုန် (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှု အထူးဇုန်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်မှုအသိပညာပေးဆွေးနွေးပွဲနှင့် တောင်သူအစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန် ဇုန်(၁)တာဝန်ခံ ဦးမျိုးမြင့်မှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးတာဝန်ခံနှင့် ခရိုင်မျိုးစေ့တာဝန်ခံတို့က မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းကြောင့် သီးနှံအထွက်တိုးခြင်းနည်းပညာများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေသြဇာ၊ ဓာတ်‌မြေသြဇာသုံးစွဲခြင်းနည်းပညာများကို ပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံမှ ဆီထွက်သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းကို အကျယ်တဝင့်ပညာပေး  ဆွေးနွေးခဲ့သည်။

ထို့နောက် မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းမှ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပြုပြင်ပြောင်းလဲရမည့်အချက်များနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာများကို ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဇုန်(၁) တာဝန်ခံ ဦးမျိုးမြင့်နှင့်ခရိုင်မြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးတာဝန်ခံများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ ဒေသခံတောင်သူများ၊ စုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)