ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ မေ ၇

ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀  နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၏ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်‌ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်ပြည်နယ်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပေးချေရမည့်တန်ဖိုးနှင့် ညီမျှသည့် ရလဒ်ကောင်းများရရှိပြီး ပြည်သူအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ကြရန်ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား သက်ဆိုင်ရာဌာနတာဝန်ခံများထံ တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။

ထို့နောက် ကျိုင်းတုံခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောအောင်ကျော်စိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)