ကျောက်ပန်းတောင်း မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို၊ ယနေ့နံနက်(၉:၃၀)နာရီက လက်ပံပျားကျေးရွာအုပ်စု၊ လက်ပံပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စကားဝါဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေဝင်းက ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများအား တွေ့ဆုံရသည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်မှ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည့်နည်းတူ မိမိတို့ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံအထူးဇုန်များဖြစ်သည့် ကျေးရွာအုပ်စုများမှ ဆီထွက်သီးနှံ အားထားစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလွင်က မြေယာကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေအတွက် လိုအပ်သည့်မျိုးကောင်း၊ မျိုးသန့်ရရှိရေး၊ မြေအသုံးချမှုမှန်ကန်ရေးနှင့် စိုက်ပျိုးရေးနည်းပညာရပ်ဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့်ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပြီး လက်ပံပျားတိုက်နယ်အတွင်းရှိ လက်ပံပျားအုပ်စု၊ တယ်ပင်တဲအုပ်စု၊ အုံးမှုန့်ရိုးအုပ်စု၊ ရသေ့တောင်အုပ်စု၊ ဝက်သချဉ်အုပ်စု၊ ကျောက်ပုံအုပ်စု အစရှိသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့်တောင်သူများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)