ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

စစ်တွေ   မေ  ၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် နှစ်စဉ်နှစ်တိုင်း နွေရာသီအားကစားသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်တွင်လည်း ခရိုင်နှင့် မြို့နယ်အချို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် ပြည်နယ်အနေဖြင့် ကရာတေး၊ ကြက်တောင်၊ ဘော်လီဘော စသည့်အားကစားနည်း သုံးနည်း၏ အခြေခံနည်းစနစ်နှင့် အဆင့်မြင့်နည်း စနစ်ပိုင်းဆိုင်ရာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝလာစေရန်၊ ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကိုလေ့လာလိုက်စားခြင်းဖြင့် နောင်တစ်ခေတ်တွင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ထွက်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့နွေရာသီ အားကစားသင်တန်းများကို တက်ရောက်သင်ကြားကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများက ကျွမ်းကျင်အောင် လေ့ကျင့်ပေးသွားမည်ဖြစ်သည့်အတွက် မိမိတို့သင်ကြားမည့် အားကစားနည်းများမှာ စနစ်တကျ သိရှိနားလည်တတ်ကျွမ်းအောင်သင်ယူကြပြီး မိမိမြို့နယ်၊ မိမိခရိုင်၊ မိမိပြည်နယ်အတွက် အားကိုးအားထားပြုနိုင်မည့် လူတော်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပညာရေးဌာနသို့ အားကစားပစ္စည်းများပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး နွေရာသီအားကစားသင်တန်းသားများ ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထို့နောက် ရခိုင်ကန်ဒိုအဖွဲ့နှင့် ကရာတေးဒိုအဖွဲ့တို့က သရုပ်ပြသကြပြီး ပညာရေးနှင့်လေ့ကျင့်ရေးကျောင်းသူများက Fitness Dance သရုပ်ပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး နွေရာသီအခြေခံအားကစားသင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)