သံဖြူဇရပ် မေ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ နှစ်(၁၅၀)ပြည့် ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သံဖြူဇရပ် နှစ်(၁၅၀)ပြည့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်ရာ ကော်မတီအလိုက်ဆောင်ရွက်မည့် အစီအစဥ်များကို ချပြရှင်းလင်းသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦးနှင့် ဦးအောင်သန်းတို့မှ သံဖြူဇရပ် နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် သံဃာတော်အပါး (၁၅၀) အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မြို့လယ်ရာပြည့်ဇရပ်တွင် ကဗျည်းကျောက်စာစိုက်ထူခြင်း၊ မဂ္ဂဇင်းထုတ်ဝေရေး၊ မြို့နယ်အတွင်းရှိအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျောင်းအလိုက်ဘင်ခရာပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများပြုလုပ်မည့်အပြင် ဖျော်ဖြေရေးနှင့်လှယဥ်ကျေးမယ်ပြိုင်ပွဲ၊ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီမှ တာဝန်ရှိသူတို့က ဆောင်ရွက်မည့်လုပ်ငန်းကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့အား ကျေးရွာအဖြစ်မှ ၁၈၇၄ ခုနှစ်တွင် မြို့စတင်တည်ထောင်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နှစ်(၁၅၀)ပြည့်မြောက်ခဲ့သဖြင့် သံဖြူဇရပ် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲအား ယခုနှစ်ဒီဇင်ဘာလတွင် ဒေသခံပြည်သူများမှ စည်ကားသိုက်မြိုက်စွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
မသီ(ပြန်/ဆက်)