မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ဗထူးဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေး မေ ၇

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ဗထူးဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉×၃၀ လမ်းကြား၊ ၇၀×၇၁ လမ်းကြားရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးနိုင်လင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဘတ်စကက်ဘောဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ၊ အခြားဖိတ်ကြားထားသူများနှင့် ဘတ်စကက်ဘောအားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများမှ ဗိုလ်လုပွဲစဉ်အဖြစ် K Box အသင်းနှင့် Chasing Dreams အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုပြီး ဆုပေးပွဲအား ဆက်လက်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အကောင်းဆုံးအားကစားသမားဆုရ K Box အသင်းမှ နံပါတ် (၇) မောင်အောင်မြင့်အား ဆုတံဆိပ်နှင့် ငွေသားဆုတစ်သိန်းကျပ်၊ ပထမဆုရ K Box အသင်းအား ငွေသားဆု ၁၂ သိန်းကျပ်၊ ဒုတိယဆုရ  Chasing Dreams အသင်းအား ငွေသားဆု ၈ သိန်းကျပ်နှင့် တတိယဆုရ CMT အသင်းအား ငွေသားဆု ၅ သိန်း တို့အပါအဝင် တံခွန်စိုက်ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ပထမဆုရအသင်းကို ငွေကျပ်ငါးသိန်း၊ ဒုတိယဆုရအသင်းကို ငွေကျပ်သုံးသိန်း၊ တတိယဆုရအသင်းကို ငွေကျပ်နှစ်သိန်းပါဝင်ချီးမြှင့်ထားသည်။

အဆိုပါ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ဗထူးဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၈ သင်းပါဝင်ပြီး မေ ၃ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)