ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၊ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား မေ ၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ လတ်လလောနေရပ် ကျေးရွာများကိုစွန့်ခွာ၍ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား မိုးမကျမီ နေအိမ်များလုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်‌ပေးလျက်ရှိရာ မေ ၆ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဝိုင်းမော်မြို့ အမှတ် (၄) ရပ်ကွက် သာဂရလီဆူနှစ် ခြင်းအသင်းတော်ကျောင်း၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ယာယီခိုလှုံကြရသည့် အိမ်‌ထောင်စုများအား မိုးမကျမီ အရိပ်အကာအောက် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ ရာတွင် ပြည့်စုံလောက်ငှမှုမရှိသော်လည်း အခက်အခဲ၊ လိုအပ်ချက်များကို အားလုံးကအတူတကွ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယမန်နေ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် မိသားစုများ စားသောက်မှုအဆင်ပြေစေရေး ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်း ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စု (၄၈၅)စု၊ လူဦးရေ (၂၄၅၀) ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စုစုပေါင်းငွေကျပ် (၃၅၈၉၀၀၀၀) တန်ဖိုးရှိ ဆန်အိတ်ပေါင်း (၄၈၅) အိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် (၇၁၂၉၅၀၀) တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာ (၄၈၅) ဖာတို့ကိုလည်းကောင်း၊ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာ (၁၄) ရက်စာအတွက် တစ်ဦးလျှင် (၄၂၀၀) ကျပ်နှုန်းဖြင့် လူဦးရေစုစုပေါင်း (၂၄၅၀) ဦးတို့အတွက် ငွေကျပ် (၁၀၂၉၀၀၀၀) ကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ယာယီတိမ်းရှောင်လာသော မိသားစုများက ၎င်းတို့ခေတ္တခိုလှုံနေထိုင်ရာနေရာများတွင် လိုအပ်ချက်များ၊ အခက်အခဲများကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် မိုးမကျမီအမိုးအကာလုံခြုံစွာနေထိုင်နိုင်ရေးအတွက် အလေးအနက်ထားစီမံဆောင်ရွက်ပေးနိုင်‌ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ် (၅) ရပ်ကွက်အတွင်းရှိ ယာမြေများပေါ်တွင် ယာယီခိုလှုံရာနေအိမ်တန်းလျားများ ဆောက်လုပ်နေထိုင်လျက်ရှိသော အိမ်ထောင်စုများ၏နေအိမ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နေအိမ်များမိုးမကျမီ လုံခြုံစွာနေထိုင်နိုင်ရန် ပြုပြင်ဆောင်ရွက်ပေးရေး၊ လိုအပ်သည်များကို အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၁ နာရီကလည်း ၂၀၂၄ ခုနှစ်၊ မဟာဗောဓိပင် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲ၊ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ကလာမည့် ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲအပါအဝင် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ၊ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး မိမိတို့အနေဖြင့် အလေးအနက်ထား လုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြီး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်‌ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးများက အခမ်းအနားတစ်ခုချင်းအလိုက် သုံးသပ် ရှင်လင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူပူးပေါင်းပါဝင်စေပြီး အခမ်းအနားများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)