ညောင်ရွှေ မေ ၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကန်ကြီးပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ကန်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဦးတေဇဝံသက ဘုပင့်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထို့နောက် ဥပ္ပါတသန္တိကျမ်းမြတ် နာကြားကြရန်နတ်၊ ဗြဟ္မာတို့အားပင့်ဖိတ်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြရှိခိုးကန်တော့၍ ကန်ကြီးပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၎င်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အလှည့်ကျဆရာတော်က ဥပ္ပါတသန္တိကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းနှင့် အဆိုပါကျမ်းမြတ်ပူဇော်ခြင်းကို (၇-၅-၂၀၂၄)ရက်နေ့မှ (၁၁-၅-၂၀၂၄)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ