ကျောက်ဆည် မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် ပြည်သူ့အားကစားကွင်း၌ အားကစားရာသီတွင်သာမက အားကစားလှုပ်ရှားမှုများကို နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးလုံးတွင် သင့်တင့်လျောက်ပတ်သည့်ကာလများ၌ အားကစားပြိုင်ပွဲများ၊ ကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ် ဘော်လီဘော အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ် အသီးသီးမှ ဘော်လီဘော အားကစားသမားများ ချစ်ကြည်ရင်းနှီးမှု ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သည့် ရွှေဆည် ဖိတ်ခေါ်အမျိုးသား(အလွတ်တန်း) ဘော်လီဘောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူအား ကစားကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲပထမနေ့တွင် ကျားကာအသင်းနှင့် မြို့မဆူးကုန်းအသင်း၊ စဉ့်ကိုင်အသင်းနှင့်မင်းစုအသင်း၊ သံရွာအသင်းနှင့်မြစ်သားအသင်း၊ မြောင်းဦးအသင်းနှင့် သင်္ဂတုံအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယနေ့တွင် ဖျောက်ဆိပ်ပင်အသင်းနှင့် မြောင်းဦးအသင်း၊ ဈေးရွာအသင်းနှင့် သံရွာအသင်း၊ စဉ့်ကိုင်အသင်းနှင့် သင်္ဂတုံအသင်း၊ မြို့မဆူးကုန်းအသင်းနှင့် မြစ်သားအသင်းတို့ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ပြိုင်ပွဲတွင် မင်းစု၊ ဈေးရွာ၊ သံရွာ၊ ကုလ၊ ဆင်ဖြူ၊ ဖျောက်ဆိပ်ပင်၊ မြောင်းဦး၊ မြို့မ၊ စဉ့်ကိုင်၊ မြစ်သားဘော်လီဘောအသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို မေ(၆)ရက်မှ(၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲများအပြီးတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသော ဘော်လီဘောအသင်းများရွေးချယ်ပြီး ငွေသားဆု၊ ဆုဒိုင်းနှင့်ရွှေ၊ငွေ၊ကြေးဆွဲပြားများ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြိုင်ပွဲဝင် ဘော်လီဘော်အသင်းများအား နှစ်သိမ့်ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘော်လီဘောအားကစားနည်းသည် ကျေးလက်နေပြည်သူများအတွက်များစွာအထောက်အကူပြုသည့် အားကစားနည်းတစ်ခုဖြစ်ပြီး နေရာဒေသမရွေးကစားနိုင်သော အားကစားနည်းတစ်ခုဖြစ်သည့်အပြင် နည်းစနစ် ပရိယာယ်၊ နည်းဗျူဟာတို့ကို အသုံးချကစားရသည့် အားကစားနည်းတစ်ခု ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုများကိုများစွာ အထောက်အကူပြုသော အားကစားနည်းတစ်မျိုး ဖြစ်ကြောင်းနှင့် ဘော်လီဘော ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် လူသားအရင်းအမြစ်များ ကျန်းမာကြံ့ခိုင်စေခြင်း၊ လူငယ်များလမ်းမှားသို့ အာရုံမရောက်စေခြင်း၊ ကျန်းမာကြံ့ခိုင်၍ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေခြင်း၊ ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်သော လူနေမှုဘဝများရရှိပိုင်ဆိုင်စေခြင်းနှင့် ထူးချွန် အားကစားများ ရွေးချယ်ဖော်ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။ သက်မောင်(ကျောက်ဆည်)