မိတ္ထီလာ မေ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၃-၂၀၂၄ခုနှစ်တွင် ဆည်ရေကန်ရေ ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၉၂၈၅ ဧကစိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထိလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေသောက် နည်းလမ်းအပြင် စက်ရေတွင်းများဖြင့် နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးလျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့လျာထားပြီး စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်၊ ချောက်းကောက်၊ ညောင်ကုန်း၊ ရှမ်းမငယ်၊ သင်ပုန်းဆည်၊ ကျင်သာဆည်၊ ပုန်းမကြည်ဆည်၊ ပုဂ္ဂလိကဆည်၊ မင်းလှကန်၊ စမုံဆည်၊ ကင်းတားဆည်၊ တောင်ပုလုကန်၊ ထီးလှိုင်ကန်နှင့်လျှပ်စစ်ရေတင်တို့ဖြင့် မိတ္ထီလာခရိုင်တွင် နွေစပါးစိုက်ဧက ၄၄၂၅ဧက စိုက်ပျိုးသွားရန် ဒေသလျာထားသတ်မှတ်ခဲ့ပြီး နွေစပါးများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။
ယင်းသို့ စိုက်ပျိုးရာတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ကြီးကြပ်မှုအောင်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများဖြင့် နွေစပါးစိုက်ပျိုးဧက ၉၂၈၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)