နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၇

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄)ခုနှစ် (World Immunization Week) အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ညွှန်ကြားရေးမှူး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကာကွယ်ဆေးထိုးနှံမည့်ကလေးများနှင့် မိခင်များ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား၏ ဆောင်ပုဒ်မှာ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ် ဆေးဖြင့်အသက်ကယ်စို့”ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအား နိုင်ငံတော်မှ မိမိတို့အတွက်လိုအပ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်အတိုင်း အသက်အရွယ်အလိုက် အကြိမ်ပြည့် ထိုးနှံ/တိုက်ကျွေးထားခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသည့်ရောဂါများကို ကာကွယ်နိုင်ကြောင်း၊ ပိုလီယိုရောဂါနှင့် ဝက်သက်ရောဂါများ၊ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားချိန်များမှာ ကိုဗစ်-‌၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအပြင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရသည့်အတွက် ပုံမှန်ကာကွယ်ဆေး   ထိုးနှံတိုက်ကျွေးရန်ကျန်ရှိခဲ့သည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးရေးအတွက် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အနာဂတ်လှပစေရေးအတွက် အသက်အရွယ်အလိုက်  ထိုးနှံ/ တိုက်ကျွေးရမည့်ကာကွယ်ဆေးများကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အကျုံးဝင်သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက်(၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးနေမှုများကို  ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)