ပျဉ်းမနားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲများထည့်သွင်းဆန္ဒပြု

ပျဉ်းမနား    နိုဝင်ဘာ  ၈

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီစတင်၍ နေပြည်တော် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင်  ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)အုပ်စု၊ ကျေးရွာ(၁၄၀)ရွာတွင် မဲရုံပေါင်း(၁၀၁)ရုံ၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးကြ လျက်ရှိသည်။

ထိုသို့ ပြည်သူများဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ ပြည်သူများအား မြို့နယ်အတွင်းရှိ မဲရုံအသီးသီးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များကိုသန့်စင်ပေးခြင်း၊ ပြင်ပမှတပ်ဆင် အသုံးပြု လာသော နှာခေါင်းစည်း (Mask)များကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်စေပြီး N95 နှာခေါင်းစည်းများ ပေးခြင်း၊ မဲပေးရန်အတွက် တန်းစီရာတွင် တစ်ဦးနှင့် တစ်ဦး(၆)ပေခွာတန်းစီစေပြီး မဲရုံအတွင်းဝင်ရောက်ချိန်၌ လက်များကို ဆေးကြောသန့်စင်နိုင်စေရန် Hand Gel များဖြင့် လက်ဆေးများကို ဆေးကြောသန့်စင် ဆောင်ရွက်ပေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)