မလှိုင် မေ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ သာသနာ့ဝေပုလ္လလေးမျက်နှာ၊ ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက်နှင့် ဓမ္မိကာရာမ အပ္ပမာဒဓမ္မရိပ်သာတို့၏ ဦးစီးပဓာနမဟာနာယက၊ ရွှေကျင်နိကာယဂိုဏ်းလုံး ဝန်ဆောင်နာယက၊ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကဉ္စန မဟာထေရ်မြတ်၏ သက်တော်(၇၆)နှစ်ပြည့် ဝိဇာတမင်္ဂလာနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ရ သာသနာ့အာဇာနည် (၁၉)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ရှစ်မျက်နှာ ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာသနဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်(၁၉)ပါးတို့အား (၅.၅.၂၀၂၄)ရက်နေ့နံနက် (၇)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆွေတော်မျိုးတော်များက သာသနာ့ဓဇအောင်လံတော်များ၊ ဘွဲ့အမည်ဆိုင်းဘုတ်များ၊ ဘွဲ့တံဆိပ်စာပုလွေများ၊ ဘွဲ့တံဆိပ်တုံး များ၊ ဘွဲ့တံဆိပ်တော်များကို ကိုင်ဆောင်၍ မြို့တွင်းသို့လှည့်လည်အပူဇော်ခံခဲ့ကြသည်။ ထို့အပြင် ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်ရှိ ရွှေရတုဓမ္မ ဗိမ္မာန်တော်မှ ရတနာဃရပဋ္ဌာန ဓမ္မာဗိမ္မာန်တော်သို့ သာသနဓဇဓမ္မာစရိယဘွဲ့ရ သာသနာ့အာဇာနည် (၁၉)ပါး တို့အား ပင့်ဆောင်၍ သဘာတော်ဖွင့်မင်္ဂလာ အခါတော်ကြားဂါထာကို မြင်းသေကျောင်း ဆရာတော်က ရွတ်ဖတ်၍ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မွေးနေ့ဂုဏ်ပြုပူဇာဂါထာကို ရှစ်မျက်နှာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကေလာသက ရွတ်ဆို ပူဇော်ခဲ့သည်။
ယင်းနောက် ပျော်ဘွယ်မြို့၊ ရွှေညောင်ဖူးကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ရန်ကုန်မြို့၊ မဟာဗောဓိကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒက သြဝါဒကထာ မိန့်ကြားတော်မူသည်။ ယင်းနောက်မလှိုင်မြို့၊ ရတနာဦးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တနိပုတနှင့် ဆရာတော်(၂)ပါးတို့က ဂုဏဝိသိဋ္ဌပူဇာအပူဇော်ခံဆရာတော်(၁၉)ပါးတို့၏ ထေရုပ္ပတ္တိအကျဉ်းကိုဖတ်ကြားပြီး မလှိုင်မြို့၊ ရွှေသိမ်တော်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသက ဂုဏထောပနာ ပတ္တနာဂါထာကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားခဲ့ပြီး ဝတ်အသင်းသူ/သားများနှင့် ဧည့်ပရိသတ်များက ဂုဏဝိသိဋ္ဌပူဇာ ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် ဂုဏပူဇာမင်္ဂလာတေးထပ်ကို မန္တလေးမြို့ ရွှေတံဆိပ်များဆုရှင် စောင်းမြင့်မြင့်သွယ်က သီကျူးရွတ်ဆိုပူဇော်ခဲ့ပြီး ဂုဏဝိသိဋ္ဌပူဇာအပူဇော်ခံဆရာတော် (၁၉) ပါးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အလှူရှင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားကို ရှစ်မျက်နှာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ထံမှ နာယူခဲ့ကြပြီး အမျှအတန်းများပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)