ကျောက်ပန်းတောင်းမြို့နယ် ရွာလုကျေးရွာတွင် မြေသားရေကန် တူးဖော်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း မေ   ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ (Shopping Method)ဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာ မြေသားရေကန် တူးဖော်ပြီးစီးမှု အခြေအနေများအား ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်နှင့် တာဝန်ခံအင်ဂျင်နီယာများသည် ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (Shopping Method)ဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရွာလုကျေးရွာ မြေသားရေကန် (၂၀၀ပေ×၁၀၀ ပေ× ၈ပေ) တူးဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာရေကော်မတီဝင်များနှင့်တွေ့ဆုံကာ မြေသားရေကန် ရေရှည်တည်တံ့စေရေးနှင့် ကျွဲ၊ နွားများ ဝင်ရောက်ခြင်းမရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန် ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းကမှာကြားသည်။

အဆိုပါ မြေသားရေကန်ကို ကုန်ကျငွေ ကျပ်(၁၈.၀၀)သန်းဖြင့် (၃၀-၄-၂၀၂၄) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၆-၅-၂၀၂၄) ရက်နေ့တွင် တူးဖော်မှုလုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် လုပ်ငန်းအားလုံးပြီးစီး၍ ယခုမိုးရာသီကာလ ရေဝင်ရောက်မှုပြည့်မီပါက အနီးဝန်းကျင်ရှိ ရွာလု၊ ရွာလတ်၊ ဇလင်းတောင်၊ ကန်ရဲ၊ ပေါက်သစ် အစရှိသည့် ကျေးရွာမျာမှ လူဦးရေ ၅၀၀၀ ဦးခန့် မှီခို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)