မိုင်းရယ်-သီပေါကြားရှိ ကျောက်စီကမ်းကပ်ခုံသံကူကွန်ကရစ် ကြမ်းခင်းနိမ့်ကျမှုဖြစ်ပွား

မိုင်းရယ် မေ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပန်ညု-ဆောင်ကြဲ-မိုင်းရယ်-သီပေါလမ်းပိုင်း၊ မိုင်းရယ်မြို့နယ်ပြင်ပ သီပေါနယ်မြေအတွင်း မိုင်းရယ်လမ်းဦးစီးဌာနမှ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည့် လမ်းမိုင် ၃၀/၂-၃ကြား၊ တံတားအမှတ် ၁/၃၁၊ (အနံ ၅ ပေ၊ အလျား ၂၄ ပေ)အကျယ်ရှိ ကျောက်စီကမ်းကပ်ခုံသံကူကွန်ကရစ် Box-culvert ကြမ်းခင်းနိမ့်ကျမှုဖြစ်စဉ် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်များအား ရှောင်ကွင်းလမ်း လင်တိကျေးရွာထဲမှ ခေတ္တဖြတ်သန်းသွားလာစေပြီး မိုင်းရယ်မြို့နယ် လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယာယီဘေလီတံတားထိုးရန် စီမံဆောင်ရွက်ခဲ့ကြပြီး ယခုအခါ ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုင်းရယ်(ပြန်/ဆက်)