နမ့်စန်(တ) မေ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်မှ ၂၀၂၃-၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်ခဲ့ကြပြီး ယနေ့နံနက် ၇ နာရီခွဲတွင် နမ့်စန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများက မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နာရီစင်အနီးတွင် စုပေါင်း၍ ပန်းစည်း၊ ပန်းကုံးများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)သရဖီခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများဖြစ်ကြသည့် အ.ထ.က(နမ့်စန်)Grade-12 မှ မောင်ပြည့်ဘုန်းအောင်(နှစ်ထပ်ကွမ်းလူရည်ချွန်)၊ မအိအိရွှန်းဝေ(သုံးထပ်ကွမ်း လူရည်ချွန်) ၊ Grade-11 မှ မောင်ဝေဖြိုးဇော်၊ Grade-9 မှ မောင်ဆက်ပိုင်လင်း၊ အ.ထ.က(ခွဲ) ၅ရပ်ကွက်ကျောင်း Grade-11 မှ မမေမီကျော်နှင့် အ.ထ.က(မြို့မ)ကျောင်း Grade-10 မှ မဖြူစင်ကြယ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မိုးနှင့် ဌာနအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး လူရည်ချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)