ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

သင်္ဃန်းကျွန်း    မေ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်လှလှနွယ်နှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်ကြား‌ပေးမည့် ဓါတ်ပုံရိုက်ကူးနည်းနှင့်သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းသည် မိမိတို့ဌာနအတွက် လွန်စွာတန်ဖိုးရှိ အသုံးဝင်သည့်သင်တန်းဖြစ်ကြောင်း၊ ယခုသင်တန်းမှရရှိသည့်ပညာဖြင့် မိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန်နှင့် ဓါတ်ပုံနှင့်ဗီဒီယိုရိုက်ကူးမှုအနုပညာသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးစီးအရာရှိဦးစည်သူမောင်မောင်က အဆိုပါဓါတ်ပုံရိုက်ကူးခြင်းနှင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများကို အသီးသီးရှင်းလင်း‌ပြောကြားခဲ့ကြသည်။

အဆိုပါ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို မေလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ သင်တန်းသားသင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့၍ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးတည်းဖြတ်ပညာရှင်များဖြစ်သော ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစည်သူမောင်မောင်နှင့်  ဇာတ်ညွှန်းနှင့်ဒါရိုက်တာဩဇာအောင်တို့က စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)