မောက်မယ် မေ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်နေဒေသခံပြည်သူများသည် မိမိတို့၏ ယာမြေဥယျာဉ်ခြံများတွင် မြေအောက်ရေနှင့် ချောင်းရေသွင်းခြင်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူများရှိသလို လုပ်ခနေ့စား မိသားစုများအနေဖြင့် အရင်းအနှီးမလိုသည့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ သဘာဝရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ရာသီစာများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ်ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက် အိမ်ခြံတွင်းကိုအမှီပြု၍ တစ်နှစ်မှာတစ်ကြိမ် ဆွတ်ခူးရောင်းချလို့ရသည့် သဘာဝရာသီပေါ် သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော်ဆွတ်ခူးရောင်းချနေသည့် ကျေးရွာများဖြစ်ကြရာ မျှစ်၊ စားမှိုအမျိုးမျိုး၊ ညောင်ချဉ်ဖူး၊ မန်ကျည်းရွက်၊ သနပ်ဖူး၊ ဒန့်သလွန်သီး၊ စွယ်တော်ရွက်နု၊ ကင်ပွန်းချဉ်ရွက်၊ ကင်ပွန်းသီး၊ ဆူးပုပ်ရွက်စသည် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း ရာသီပေါ်ချိန် သဘာဝသစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များအား ခူးယူ၍ မြို့နယ်စည်ပင်သာယာစျေး ၅ ရက် တစ်စျေးသို့လည်းကောင်း ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် တစ်ရက်လျင်ပျမ်းမျှ ဝင်ငွေ(၁၀၀၀၀မှ ၁၅၀၀၀) ကျပ်ရရှိနေကြောင်း မိုင်းပုတ်ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာနေ ဒေါ်နန်းအိမ်က ပြောပြ၍ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)