လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကျင်းပ

လားရှိုး မေ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လားရှိုး)တွင် ယမန်နေ့နံနက် ၉ နာရီက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်သည်။

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မြမြသင်းက သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဘာသာရပ်များ၊ လက်တွေ့လေ့ကျင့်ရမည့် သင်ခန်းစာများ၊ သင်တန်းသူများ သင်တန်းကာလအတွင်း အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် စီမံထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းထောက်ပံ့ပစ္စည်းများ  ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)