တောင်ကြီး မေ ၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးဗိုလ်လုပွဲစဥ်အဖြစ် ပင်လောင်းမြို့နယ်အသင်းနှင့် နောင်ချိုမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပင်လောင်းမြို့နယ်အသင်းက အနိုင်ရရှိပြီး အမျိုးသားပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ်အသင်း ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲပြီး ပြိုင်ပွဲယှဥ်ပြိုင်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအကောင်းဆုံးရိုက်ခုတ်ဆု၊ ပင့်ထောင်ဆု၊ အကောင်းဆုံးနောက်ထိန်းဆု ရရှိသူများကို ပြည်နယ်ဥပဒေချုပ်က ဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားအကောင်းဆုံးရိုက်ခုတ်ဆု၊ ပင့်ထောင်ဆု၊ နောက်ထိန်းဆုရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီးက ဆုတံဆိပ်နှင့် ငွေသားဆုကို ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီးပူးတွဲတတိယဆုရရှိသော တောင်ကြီးမြို့နယ်အသင်းနှင့် ကလောမြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီးဒုတိယဆုရရှိသော နောင်ချိုမြို့နယ်အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ပင်လောင်းမြို့နယ်အသင်းကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော လားရှိုးမြို့နယ်အသင်းနှင့် လင်းခေးမြို့နယ်အသင်းတို့ကို ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲအသင်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်းကို ဆုတံဆိပ်နှင့်ငွေသားဆု၊ အမျိုးသမီးပထမဆုရရှိသော ပင်လောင်းမြို့နယ်အသင်းအား ဖလားဆု၊ အမျိုးသားပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်းအား ပထမဆုဖလားများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချီးမြှင့်ပေးကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)