တာချီလိတ် မေ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သည့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အောင်မြတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးလေမိုးနိုင်က စီမံကိန်းအမှန်တကယ်ဆောင်ရွက်မည့် ကျေးရွာများဖြစ်သည့်အတွက် ကျေးရွာများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ နောင်လာမည့်ကာလအတွင်း စီမံကိန်းများ ပျောက်ပျက်မှုမရှိစေရန် ထိန်းသိမ်းရမည့်အစီအမံများ၊ ထပ်မံလိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာကိုယ်စားလှယ်များအနေဖြင့် မချွင်းမချန် တင်ပြဆွေးနွေးကြရန်နှင့် ကျေးရွာသူ/သားများမှ မိမိကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းအမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက ဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပထမ၊ ဒုတိယ၊ တတိယဆုရ မြစိမ်းရောင်စီမံကိန်းကျေးရွာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာကော်မတီများမှ ကိုယ်စားလှယ်များက စီမံကိန်းနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များနှင့် အခက်အခဲများအား သုံးသပ်တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)