ရန်ကုန် မေလ ၆
ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ အမှတ်စဥ် (၁/၂၀၂၄-၂၀၂၅) သင်တန်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာတွင်(အခမဲ့) ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မေလ (၆) ရက်နေ့မှ မေလ (၁၀) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင်လည်း မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက်လာကြသည့်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား၊သူများကိုရှင်း လင်းပြောကြားခဲ့သည်။
သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး၊ ဓာတုပစ္စည်းများနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ Packagingနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ GMP ၊ GHP အကြောင်းအရာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အမှတ်တံဆိပ်တွင်ဖော်ပြရမည့် အချက်အလက်များအကြောင်းစသည့် ဘာသာရပ်များကို စာတွေ့(၃၀%)၊ လက်တွေ့(၇၀%) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)