မြစ်ကြီနား မေ ၆
ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး သွားနှင့်ခံတွင်းကုသဆောင်ရှိ ခွဲစိတ်ခန်းမကြီး၌ မေလ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မွေးရာပါနှုတ်ခမ်းကွဲ၊ အခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှညွှန်ကြားရေးမှူး (သွားကျန်းမာ) ပါမောက္ခဒေါက်တာခင်မောင်ဦးဆောင်၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အခေါင်ကွဲလူနာ (၆၀) ဦးအား မေလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မေလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၇၃)ဦးအား သွားတု (အံကပ်) အခမဲ့ တပ်ဆင်ပေးခြင်းနှင့် အခြားလိုအပ်သော သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)