သထုံ မေ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက သထုံမြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ်(၁၃)ခုတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် သထုံခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီး လူနာစောင့်နားနေဆောင်၊ သိမ်ဆိပ်၊ နောင်ကုလား၊ ကတိုက်ကြီး၊ ကြာပန်းကျေးလက်ကျန်းမာရေးဌာနတို့အပါအဝင် စုစုပေါင်း စုရပ်(၁၃)ခုတို့၌ ဆောင်ရွက်ခဲ့ကြပြီး မြိုနယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)