ဟိုပုံး မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀နာရီအချိန်က သွားရောက်ဖူးမြော်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက နမ့်ဟူးဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိ၍ ဆရာတော်၊ သံဃာတော်များအား ရှိခိုးကန်တော့ပြီးနောက် အလှူတော်ငွေ များဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် တာဝန်ရှိသူများသည် နမ့်ဟူးဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယာမ၏ ရုပ်ကလာပ်တော်အားဖူးမြော်ကြည်ညိုပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယာမသည် သက်တော် (၁၀၁) နှစ် ဝါတော် (၈၁) ဝါရှိပြီး ဧပြီလ(၂၆)ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ပျံလွန်တော်မမူမီ ဟိုပုံးမြို့နယ် ဇောတိကာရာမဩဝါဒစရိယ၊ ပအိုဝ်းစာပေယဉ်ကျေးမှုပြန့်ပွားရေး၊ သံဃာအဖွဲ့ဩဝါဒစရိယ၊ ဟိုပုံးမြို့နယ် သီရိမင်္ဂလာဩဝါဒစရိယ၊ ဟိုပုံးမြို့နယ် ပရိယတ္တိပါလကစာမေးပွဲကြီး ဩဝါဒစရိယ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေစာမေးပွဲကြီး ဩဝါဒစရိယ တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်တော်အား ယနေ့ မွန်းလွဲပိုင်းတွင် နမ့်ဟူးကျေးရွာ၌ မီးသင်္ဂြိုဟ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)