ကျိုက်ထိုမြို့နယ်တွင် လူငယ်ရေးရာကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို မေ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လူငယ်ရေးရာ ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းနှင့် အတွင်းရေးမှူး ရဲမှူး ဇော်ဇော်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုးက ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်ဆွေးနွေးပွဲကိုကျင်းပရာ ကျန်းမာ‌ရေးဝန်ထမ်းများက တီဘီရောဂါအ‌ကြောင်း၊ အစာအုပ်စု (၃) အုပ်စုအကြောင်း၊ ဘေးအန္တရာယ်များနှင့် ထိခိုက်ဒဏ်ရာများအကြောင်း၊ ကြီးထွားဖွံ့ဖြိုးမှုစောင့်ကြပ်ကြည့်ရှု မြှင့်တင်ခြင်းအကြောင်း၊ ဗီတာမင်အေချို့တဲ့မှု မဖြစ်ပွားစေရန်နှင့် တားဆီးကာကွယ်ခြင်းအကြောင်း၊ လူငယ်နှင့် စိတ်ကြွမူးယစ်ဆေးအန္တရာယ်အကြောင်း၊ ခြင်ကြောင့်ကူးစက်တတ်သောရောဂါများအကြောင်း၊ HIV အကြောင်း သိကောင်းစရာ၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူများအကြောင်း၊ ကူးစက်ရောဂါအကြောင်းသိကောင်းစရာ၊ အဖြစ်များသော ဗီတာမင်ချို့တဲ့မှုများအကြောင်း၊ သွေးအားနည်းရောဂါကာကွယ်ရေးအကြောင်းတို့ကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြသည်။ အဆိုပါ ကျန်းမာ‌ရေးအသိပညာပေးဆွေးနွေးပွဲအား ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မေ ၆ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေ့စဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)