ကျိုက်မရော၌ အာဟာရပြည့်ပိန်းဥပင်များ စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြား

ကျိုက်မရော  မေ  ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နောင်လုံကွင်း၌ လယ်မြေများတွင် စားသောက်ကုန်သီးနှံများအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ အာဟာရပြည့်ပိန်းဥပင်များကို စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိ၍   မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိန်းဥပင်များကို စိုက်ပျိုးရာ၌ ဥမှစပြီးပျိုးထောင်၍ ပျိုးပင်များအရွက်ထွက်လာသောအခါ ပိန်းပင်ငယ်လေးများနေပူရှိန်ကြောင့် မသေစေရန်နှစ်ရက်တစ်ကြိမ်ရေသွင်ပြီး အပင်နှင့်ဥများထွားကြိုင်းစေရန် ဓာတ်မြေသြဇာနှင့်ရွက်ဖြန်းအားတိုးဆေးများကို သုံးရက်တစ်ကြိမ်ကျွေးပေးရကြောင်း ရေပေးရာတွင် နောင်လုံရေထိန်းတံခါးမှရေသွယ်၍ ရေများများပေးရသဖြင့် ပိန်းဥများအထွက်နှုန်းကောင်း၍ စျေးကောင်းလည်းရရှိကာ စိုက်ပျိုးသူတောင်သူများအဆင်ပြေလျက်ရှိကြောင်း ​ပိန်းဥစီးပွားဖြစ်စိုက်ပျိုးသူ တောင်သူ ဦးအာလီက ပြောသည်။

ပိန်းဥပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရေကြိုက်သောအပင်ဖြစ်ကြောင်း ပိန်းဥကိုစတင်စိုက်ပျိုးချိန်မှ ရက်ပေါင်းတစ်ရာကြာလျင် စတင်တူးဖော်၍ရောင်းချရပြီး ပိန်းဥမှာအာဟာဖြစ်၍ ပိန်းဥဟင်းချိုမှာ ထမင်းမြိန်စေပြီးအရွက်နှင့်အရိုးကို ဟင်းခါးအဖြစ်ချက်သောက်ရသဖြင့် ပိန်းဥတစ်ပင်လုံးအသုံးဝင်ပြီး ဘီတာမင်အေကြွယ်ဝသည့် စာဖိုချောင်သီးနှံဖြစ်ကာ လူမျိုးမရွေးဘာသာမရွေးစားသုံးနိုင်သည့် သီးနှံဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးကြသူများပြားလာကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး   (ပြန်/ဆက်)