တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တာချီလိတ် မေ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အနာဂတ်လူငယ်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးများတွင် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအား တက်ရောက်မည့် သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းစည်းမျဉ်းစည်းကမ်းများလိုက်နာ၍ မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကြောင်းပညာရပ်များအား ကြိုးစားသင်ယူလေ့လာစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ဗျူဟာမှူးနှင့် တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆)ကို မေလ ၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူဦးရေ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)