ပင်းတယ မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် ဇနီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မိသားစုဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာရင်းသွေးရင်နှစ်တို့အား အခြေခံကိုယ်ကျင့်တရားများ အသဲထဲ၊ ရင်ထဲစွဲမြဲစေရန်နှင့် လူသားအားလုံး ကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့်သုံးပြီး လူနတ်နိဗ္ဗာန သုံးတန်ချမ်းသာကို ရရှိစေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ယဉ်ကျေးသော တိုင်းပြည်တိုင်း၌ ကိုးကွယ်သော အယူဝါဒကို အကြောင်းပြု၍ စာပေနှင့် ယဉ်ကျေးမှုများသည် ပြန့်ပွားတိုးတက်လာမြဲဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများသည်လည်း ဗုဒ္ဓဘာသာအယူဝါဒနှင့် ဗုဒ္ဓဘာသာစာပေများကို ဘုန်းတော်ကြီးကျောင်းများတွင် ဘိုးဘေးဘီဘင်မှစ၍ သင်ကြားခဲ့ရပြီး ယဉ်ကျေးလိမ္မာသော မြန်မာ့လူ့ဘောင်ကို တည်ထောင်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်တို့က နွေရာသီယဉ်ကျေးလိမ္မာသင်တန်းအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပင်းတယမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၍ ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၁၂၁)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းနည်းပြ (၈) ဦးတို့မှ မေလ ၁၇ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ သင်တန်းဌာန (၆) ခုခွဲ၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် အဖွဲ့သည် ပင်းတယမြို့ပေါ်ရပ်ကွက်များအတွင်း သောက်သုံးရေလုံလောက်စွာရရှိမှု ရှိမရှိ လိုက်လံစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)