ညောင်ဦး မေ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ပုန်းရည်ကြီးထုတ်ကုန်များ တာရှည်ခံဆေးသုံးစွဲမှုဆိုင်ရာသိကောင်းစရာများနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာလမ်းညွှန်ချက်များ ဆွေးနွေးပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ပုန်းရည်ကြီးထုတ်ကုန်များ တာရှည်ခံဆေးသုံးစွဲခြင်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာလမ်းညွှန်ချက်များအကြောင်း အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်က ဌာန၏လုပ်ငန်းဆောင်ရွက်များအား ရှင်းလင်းပြောကြားကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဓာတ်ခွဲခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က တာရှည်ခံဆေးသုံးစွဲမှုဆိုင်ရာသိကောင်းစရာများအား အသိပညာပေးဟောပြောဆွေးနွေးရှင်းလင်းသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝေက အစားအသောက်သန့်ရှင်းမှုဆိုင်ရာ လမ်းညွှန်ချက်များအား အသိပညာပေးဟောပြောဆွေးနွေးရာ အခမ်းအနားသို့ တက်ရောက်လာသည့် ညောင်ဦးမြို့နယ်မှ ပုန်းရည်ကြီးလုပ်ငန်းရှင်းများ၊ ပုဂံမြို့မှ ပုန်းရည်ကြီးလုပ်ငန်းရှင်များ၊ ငါ့သရောက်မြို့မှ ပုန်းရည်ကြီးလုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုန်းရည်ကြီးလုပ်ငန်းထုတ်လုပ်မှု တာရှည်ခံဆေးသုံးစွဲမှုနှင့် ကုန်ထုတ်လုပ်မှုလမ်းညွှန်ချက်များ ဆွေးနွေးဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဓာတ်ခွဲခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပုန်းရည်ကြီးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း