မိုင်းဆတ် မေ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနဲ့အညီ ပြည်ထောင်စုတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ်တပ်ရင်းတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တက်ရောက်ကြသည့် ကျောင်းအိပ်၊ ကျောင်းစား အဆောင်နေကျောင်းသူများ အဖြစ်လက်ခံထားပြီး သင်တန်းသင်ကြားနေစဥ် ကာလတစ်လျောက်နေထိုင်၊ စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းဆရာမများ သင်ကြားပို့ချမည့် သင်ခန်းစာများကို ကြိုးစားသင်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာအေးက သင်တန်းသူ (၃၀) ဦးအား သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ဇနီး၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူတို့က အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ ယခင်သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် အမျိုးသမီးလက်ကိုင်အိတ် အမျိုးမျိုးချုပ်လုပ်ထားမှုကို လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခိုင်သဲစုပိုင်