မုဒုံ မေ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ အောင်တော်မူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝန္တ၏ သက်တော် ၅၀ နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားနှင့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကမာဝက်မြို့၊ ခြင်္သေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒကုမာရထံမှ ဩဝါဒကထာနှင့် ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်ဘဒ္ဒန္တသီလဝန္တ၏ ထေရုပ္ပတ္တိအကျဉ်းအား မုဒုံမြို့၊ ကျောင်းသစ်ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒနမှ ဖတ်ကြားပူဇော်၍ ရတုတေးထပ်ဖြင့် ပူဇော်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အောင်တော်မူကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသီလဝန္တထံ နိုင်ငံတော်မှ ဆက်ကပ်တော်မူသည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်ဆက်ကပ်ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ အမေရိကန်နိုင်ငံက ဆက်ကပ်ခဲ့သည့် အဂ္ဂမဟာမင်္ဂလာ ဓမ္မဇောတိကဓဇ Hon. Ph.D Morality Florida U.S.A ဒေါက်တာဘွဲ့ကို ထပ်ဆင့်ဆက်ကပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များက အောင်တော်မူကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သီလဝန္တထံ အနုမောဒနာ တရားနာယူ ကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)