မုဒုံ မေ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၈)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဥ်(၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ဖွင့်လှစ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက် ဘက်စုံပညာရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုသင်တန်းများ စဥ်ဆက်မပြတ်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းပေါင်း(၄၇)ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများမှ ရက်လုပ်ပြသထားသည့် အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ သင်တန်းကို (၂၂)ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ရာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၂၅)ဦး၊ မွန်ရိုးရာလက်ရက်ကန်း သင်တန်းသူ(၅)ဦး စုစုပေါင်းသင်တန်းသူ(၃၀)ဦးတို့က တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)