မြောက်ဥက္ကလာပ မေ ၆
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာကြီးရန်ကုန်ဘဆွေ ရေးသားသည့် “သေသော်မှတည့် သြော်ကောင်း၏” စာအုပ်သည် ရှေးခေတ်လူကြီးများခံနိုင်ရည်ရှိမှု၊ ဇွဲရှိမှု၊ ရဲဝံ့မှု၊ အမျိုးချစ်မှုတို့ကို့ ဖော်ပြထားသည့် စာအုပ်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်ချိန်က ရှေးခေတ်မင်းများ၏ အားကျအတုယူဖွယ်ရန်သူကို တော်လှန်တွန်းလှန်ခဲ့မှုအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး Youth Club အဖွဲ့ဝင် မကေသွယ်က လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးကိုတန်ဖိုးထားစေလိုကြောင်းနှင့် ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်းစသည်တို့ကို ဆွေးနွေးရာတက်ရောက်လာသော အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)