ပုံပါကျင် မေ ၆
ပုံပါကျင်မြို့၊ အ.ထ.က (နားကောင်းမူး) ကျောင်းတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ ဖွင့်လှစ်မည့် စက်မှုနည်းပညာဘာသာရပ်များအတွက် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုံပါကျင်မြို့၊ အ-ထ-က (နားကောင်းမူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဌေးသွင်က နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် မူဝါဒများအကြောင်း၊ ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန်သင်တန်းများနှင့် ကာလတိုသက်မွေးပညာသင်တန်းများအကြောင်း၊ လက်ရှိဖွင့်လှစ်ထားရှိသည့်ကျောင်းများ၏ အခြေအနေများ၊ သင်တန်းအမျိုးအစားများနှင့် သင်တန်းကာလများအကြောင်း၊ ဆက်လက်ဖွင့်လှစ်သွားမည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်အတန်းကျောင်းများ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမည့်ဘာသာရပ်များ၊ သင်ကြားမည့်အစီအဥ်များနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ ဆက်လက်တက်ရောက်နိုင်မည့်အခွင့်အလမ်းများ အကြောင်း၊ ပညာသင်ထောက်ပံ့ကြေးနှင့် ထောက်ပံ့ပစ္စည်းများ အကြောင်းတို့ကို ပါဝါပွိုင့်ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး မိုင်းတုံခရိုင် ပညာရေးမှူး ဦးမြတ်မိုးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဌေးသွင်နှင့် အဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများက သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားမည့်ဘာသာရပ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်း (နားကောင်းမူး) ၌ လာမည့် ၂၀၂၄ခုနှစ်၊ ဇွန် ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)