ကျောက်ဆည် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ရွှေနီတံဆိပ် (၁၆၈) သင်္ဘောမျိုး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
သင်္ဘောပင်သည် စိုက်ပျိုးပြီး အပင်သက်တမ်း (၆) လခန့်တွင် ရောင်းတန်းဝင်သင်္ဘာသီးများ စတင် ခူးဆွတ်ရောင်းချရကြောင်း၊ အပင်ပြုစု ကောင်းပါက ခူးဆွတ်ရောင်းချချိန် (၈)လခန့် ခူးဆွတ်ရကြောင်းနှင့် ရောင်းချသည့်အခါ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ပြီး အသီး (၃၅ လုံး-၄၀လုံး) ခန့်ဝင်သော သံသေတ္တာများနှင့်ထည့်ကာ သေတ္တာအရေအတွက်အတိုင်း ကာလပေါက်ဈေးနှင့် ရောင်းချရကြောင်း ဈေးကောင်းချိန်တွင် သံသေတ္တာတစ်လုံးအား ငွေကျပ်နှစ်သောင်းအထိ ရောင်းချရကြောင်းနှင့် သင်္ဘောသီး အလုံးသေးများကို အစိမ်းခူးဆွတ်၍ ကျောက်ဆည်ဈေးသို့ လက်လီရောင်းချရာ နေ့စဉ်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ရန်ပုံနှစ်ကျေးရွာမှ တောင်သူများအနေဖြင့် ယာမြေပိုင်ဆိုင်မှုများပြီး မြေအောက်ရေနှင့် မြစ်ရေများကိုသာ အဓိကထားပြီး တောင်သူလုပ်ငန်းများ လုပ်ကိုင်ရသဖြင့် ယာသီးနှံများဖြစ်သော ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတို သီးနှံများ အဓိက စိုက်ပျိုးကြကြောင်းနှင့် သင်္ဘောစိုက်ပျိုးရာတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များ ရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာ ရရှိစေရန်နှင့် လေအဝင်အထွက် ကောင်းမွန်စေရန်အတွက် မြေဘောင်များ ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၁၆)ပေ အကွာအဝေးခန့် စိုက်ပျိုးပါက သီးလုံးပို၍ လှပကြောင်းနှင့် လိုအပ်သည့် အချိန်များတွင် ပိုးနှင်ဆေး၊ ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတု အခြေအနေအပေါ်တွင် မူတည်၍ ရေသွင်းပေးခြင်း၊ မြေဩဇာ ကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း သင်္ဘောစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။
သက်မောင်(ပြန်/ဆက်)