မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ မေ ၆

မန္တလေးတိုင်းဒေသကြီး (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းတင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏မီးသတ်တပ်ဖွဲ့သမိုင်းကို ကြည့်ပါက ပုဂံ‌ခေတ်မှ စတင်ခဲ့ရာ နှစ်ပေါင်း ၁၀၀၀ နီးပါးရှိခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ကို အစွဲပြုပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့ရာ ယနေ့ဆိုရင် ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက် ၄ ရပ်ဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်ပေးနေပါကြောင်း၊ စွန့်လွှတ်မှုများ၊ စွန့်စားမှုများ၊ အသက်နှင့်ခန္ဓာပေးဆပ်ပြီး လုပ်ရသည့်လုပ်ငန်းများဖြစ်သည့်အတွက်  တန်ဖိုးထားချီးကျူးဂုဏ်ပြုပါကြောင်း၊ စွန့်လွှတ်စွန့်စားပြီး စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်၊ ဘွဲ့ထူးဂုဏ်ထူးများကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ပေးဆပ်မှုအနည်းဆုံးဖြစ်ရန်  ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် နည်းပညာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး စဉ်ဆက်မပြတ်လေ့ကျင့်မှုဖြင့် အရည်အချင်းပြည့်ဝအောင် ကြိုးစားဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက သားကောင်းမီးသတ်အာဇာနည်မီးသတ်တပ်ဖွဲ့ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စံပြမီးသတ်စခန်းဆု၊ အပေါ့စားမီးသတ်စက်ကလေးလေ့ကျင့်ခန်းပြိုင်ပွဲနှင့် လက်နက်မဲ့စစ်ရေးပြပြိုင်ပွဲများ၊ ဗဟိုအဆင့်၊တိုင်းဒေသကြီးအဆင့်နှင့်တက်ရောက်ခဲ့သင်တန်းများတွင် ဆုရရှိသူများကို ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ပြီး နှုတ်ဆက်အားပေးခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့မှ ဆောင်ရွက်ခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ချက်များအား ပြသသည့် Video Clip ကြည့်ရှုအားပေးပြီး မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ပြသထားမှု၊ မီးငြှိမ်းသတ်လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် စက်ပစ္စည်းများနှင့်အသုံးအဆောင်ပစ္စည်းများ ပြသထားမှုအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်