ရမည်းသင်း မေ ၆
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ရမည်းသင်းခရိုင် မီးသတ်စခန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မိန့်ခွန်းအား ဖတ်ကြားရာ မီးသတ်တပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဦးဆောင်လမ်းညွှန်ဆောင်ရွက်မှုနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်ချက်တာဝန် (၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း အရေးကြီးတဲ့ကဏ္ဍများကို မဟာဗျူဟာကျကျဖြင့် အလေးထားဆောင်ရွက်ကြရန်၊ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အကျိုးပြုနေတာဟာ လေးစားဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)