မောက်မယ် မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသထွက်သဘာဝလိုင်ချီးသီးများ မေလအတွင်း လှိုင်လှိုင်ပေါ်ထွက်ရှိလာတော့မည်ဖြစ်သဖြင့် လိုင်ချီးသီးစျေးနှုန်းမှာ ယခင်နှစ်တွင်တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့်စျေးဖွင့်ပြီး ယခုနှစ်တွင် ၁၀၀၀၀ကျပ် စျေးဖွင့်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
လိုင်ချီးသီးသည် အရည်ရွမ်းသောအသီးဖြစ်ပြီး မရင့်မှည့်သေးသည့် အသီးမှာစိမ်းနေပြီး ရင့်မှည့်သည့်အသီးသည် အနီရောင်သန်းလာပြီးနီရဲလာသည်။ လိုင်ချီးသီးသည် ကယ်လစီယမ်များစွာ ပါဝင်သောကြောင့် အေး၍ချိုမြသောအရသာနှင့် အချဉ်ဓာတ်အနည်းငယ်သာပါရှိသဖြင့် လူတိုင်းကျန်းမာရေးနှင့်ညီညွတ်ပြီး ဆေးဖက်ဝင်သည့်အာဟာရဓာတ်လဲရရှိကာ မောက်မယ်ဒေသထွက် သဘာဝလိုင်ချီးသီးများ ယခုလအတွင်း အနယ်နယ်အရပ်ရပ်မှကားများဖြင့်လာရောက်ရောင်းဝယ်သယ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ရာသီသီးနှံစိုက်ပျိုးမည့်အစား နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ရှောက်ချို၊ လိမ္မော်၊ သံပုရာ၊ လိုင်ချီး၊ ကျွဲကော၊ သရက်စသည့်သီးနှံများ စျေးနှုန်းကောင်းစွာရရှိသဖြင့် ရေကောင်းစွာရရှိသောဥယျဉ်ခြံမြေများ၌ တွင်တွင်ကျယ်ကျယ်ပိုမိုစိုက်ပျိုးထားကြောင်း၊ ဒေသခံများက တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံဝန်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် လိုက်ချီးပင်များမှ အသီးများ လိုင်လိုင်ပေါ်၍ ဆွတ်ခူးပြီးထမ်းတောင်းတွင်းထည့်ကာလှည့်လည်ရောင်းချကြပြီး အပိုဝင်ငွေရှာသည်မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)