နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ဟိုပုံးမြို့၌ ပန်လျန်းဘုန်းတော်ကြီးကျောင်းဆရာတော်အား သွားရောက်ဖူးမြော်၊ လှူဖွယ်ဝတ္ထုနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း၊ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

ဟိုပုံး မေ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စ‌ငေါအုပ်စု၊ ပန်လျန်းကျေးရွာရှိ ပန်လျန်းဘုန်းတော်ကြီးကျောင်းဆရာတော်အား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ခွန်စံလွင်နှင့်တာဝန်ရှိသူများ သွားရောက်ဖူးမြော်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများက စငေါကျေးရွာအုပ်စု၊ ပန်လျန်းဘုန်းတော်ကြီးကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် တာဝန်ရှိသူများသည် ပန်လျန်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစန္ဒေဘာသနှင့် ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီး  လှူဖွယ်ဝတ္ထုနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အကြမ်းဖက်သောင်းကြမ်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ ပန်လျန်းဘုန်းတော်ကြီးကျောင်း ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ကျပ်သိန်း (၅၀) နှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာဘုန်းတော်ကြီးကျောင်းပြန်လည် ဆောက်လုပ်နိုင်ရန် ကျပ်သိန်း (၅၀) တို့ကို ကျောင်းထိုင်ဆရာတော်များထံသို့   ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကြမ်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင် ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ ပန်လျန်းကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ မီးဘေးသင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး နေအိမ်ပြန်လည်တည်ဆောက် နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လမ်းညွှန်မှာကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)