မိုင်းဆတ် မေ ၆
မိုင်းဆတ်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ ဖွင့်လှစ်မည့် စက်မှုနည်းပညာဘာသာရပ်များအတွက် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁၃ နာရီအချိန်က မိုင်းဆတ်မြို့၊ အ-ထ-က (ခွဲ) အ-လ-က(၂) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဌေးသွင်က နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် မူဝါဒများအကြောင်း၊ ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန်သင်တန်းများနှင့် ကာလတိုသက်မွေး ပညာသင်တန်းများအကြောင်း၊ လက်ရှိဖွင့်လှစ်ထားရှိသည့်ကျောင်းများ၏ အခြေအနေများ၊ သင်တန်းအမျိုးအစားများနှင့် သင်တန်းကာလများအကြောင်း၊ ဆက်လက်ဖွင့်လှစ်သွားမည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်အတန်းကျောင်းများ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမည့်ဘာသာရပ်များ၊ လက်ခံသင်ကြားနိုင်မည့် ကျောင်းသားဦးရေ၊ သင်ကြားမည့်အစီအဥ်များနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများအကြောင်း၊ ပညာသင်ထောက်ပံ့ကြေးနှင့် ထောက်ပံ့ပစ္စည်းများ အကြောင်းတို့ကို ပါဝါပွိုင့်ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိုင်းဆတ်ခရိုင် ပညာရေးမှူး ဦးအောင်ငွေက ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများက သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားမည့်ဘာသာရပ်များအား လေ့လာကြည်ရှု့ကြသည်။ မိုင်းဆတ်မြို့တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၂) ကျောင်း၌ လာမည့် ၂၀၂၄ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဌေးသွင်နှင့် အဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)