ဗန်းမော် မေ ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၄ ရက် နံနက် ၈ နာရီက ဗန်းမော် ခရိုင် မံစီမြို့နယ်အတွင်း AC ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှုး ဗိုလ်မှူးကြီး တင်မင်းလတ်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့ RC အသင်းတော်ရုံးသို့ သွားရောက်ပြီး ဘုန်းတော်ကြီးများ၊ အသင်းတော်တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ ဘုန်းတော် ကြီးအတွက် လက်ဆောင်ပန်းခြင်းနှင့် အသင်းတော်အတွက် ဆန်အိတ် (၅၀)နှင့် အသင်းတော်ပိုင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးကျောင်းအတွက် ဆန်အိတ် (၃၀)အိတ်ကို လှူဒါန်းပေးအပ်ခဲ့သည်။
ထို့နောက် ဗန်းမော်မြို့မှ တစ်ဆင့် မံစီမြို့သို့ သွားရောက်ခဲ့ကြပြီး မံစီမြို့နေဒေသခံ ပြည်သူ များ၏ တောင်းဆိုတင်ပြမှုအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၁၄၅၆ ဒဿမ ၂၀၀)သန်းဖြင့် လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြိးနားလမ်း (မံစီမြို့တွင်းလမ်းအပိုင်း) AC (ကတ္တရာကွန်ကရစ်လမ်း)သစ်ဖွင့်ပွဲ အခမ်း အနားကို တက်ရောက်သည်။
လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဖွင့်လှစ်မည့် မံစီမြို့တွင်း လမ်းပိုင်း ၁ မိုင် ၂ ဖာလုံအပါအဝင် မြို့၏အဓိက ကုန်သွယ်လမ်းမကြီးဖြစ်သည့် မန္တလေး(သပိတ်ကျင်း)-တကောင်း-ဗန်းမော်(ဆဝမ်ကထောင်)လမ်းကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မံစီမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ၊ တည်ငြိမ်အေးချမ်းမှုရှိလာသည်နှင့်အမျှ စိုက် ပျိုးရေးထွက်ကုန်သီးနှံများကို အချိန်တိုအတွင်း ကူးသန်းရောင်းဝယ်နိုင်မည်ဖြစ်သည့်အပြင် ဒေသခံ များ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်း ရင်းသားရေးရာဝန်ကြီး၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ လမ်းဖွင့်ပွဲတက်ရောက်လာကြသည့် အဖွဲ့အစည်းအသီး သီးတို့နှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် မံစီမြို့ မြို့တော်ခန်းမ၌ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာစေရေးအတွက် မိမိတို့အားလုံးက အခက်အခဲများကို အတူတကွ ဝိုင်းဝန်းကျော်ဖြတ်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအနေဖြင့်လည်းကောင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့်လည်းကောင်း မိမိတို့ရပ်ရွာဒေသအတွက် အားလုံးက တစ်စိတ် တစ်ဝန်းတည်း ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မံစီမြို့နယ်အတွင်းရှိ ကက်သလစ် အသင်းတော်များနှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော်များအတွက် ဆန်အိတ် ၂၅ အိတ်စီကို ဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ဆန်အိတ် (၅၀)၊ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုအဖွဲ့များအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကာ ဒေသအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ရာ စိုက်ပျိုး ရေးကဏ္ဍပြိုင်ပွဲအတွက် ဗန်းမော်နှင့် မံစီမြို့နယ် ယှဉ်ပြိုင်စေခဲ့ရာ ပိုမိုဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မံစီမြို့နယ်အတွက် ချီးမြှင့်ငွေများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ဗန်းမော်မြို့နယ်၊ စီဟဲကွင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး ဆောင်ရွက်သည့် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးကဏ္ဍ တိုးတက် မြှင့်မားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ဆက်လက်ပံ့ပိုးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တောင်သူများအတွက် မိုးစပါးစိုက်ပျိုးနိုင်ရေး အထူးအထွက်တိုး ဆင်းဧကရီ-၃ မျိုးသန့်မျိုးစပါးအိတ်များနှင့် ပိုက်ဆံလျှော် မျိုးစေ့အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ကွင်းအတွင်း လယ်မြေများပေါ်တွင် တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ ၏ တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ စုပေါင်းကြဲပက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လယ်သီးထပ်ဆောင်းသီးနှံ မြေပဲစိုက်ပျိုး ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မံဖားကျေးရွာအတွင်း ပုဂ္ဂလိကပိုင် ဖိုးရွှေလ ဆန်စက်နှင့် အခြောက်ခံစက်သို့ ရောက်ရှိပြီး ဆန်စက်လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများနှင့် ဒေသထွက် ဆန်စပါးများအား ကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများနှင့် ဈေးကွက်ရရှိမှုအခြေအနေများ၊ ပံ့ပိုးကူညီပေးရန်ကိစ္စ ရပ်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(ဗန်းမော်) ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ် ဝက်သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ဗန်းမော်)၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဆရာများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။
ဆက်လက်၍ ပါမောက္ခချုပ်များက ဒုတိယနှစ်ဝက်သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းဆိုင်ရာအချက်အလက်များ၊ သင်ကြား ရေးဆိုင်ရာများကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်များနှင့် ကျောင်းတို့အတွက် ဆန်အိတ်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ဖိုးဒေဝ(ကွက်သစ်)အတွင်း ယာယီခိုလှုံရာစခန်းမှ ရွေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများအတွက် ပြည်နယ်ရန်ပုံငွေကျပ် (၃၇ ဒဿမ ၆)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကွက် သစ်အတွင်း မိသားစုများ၏ နေအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်သုံးဆီ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မိမိတို့၏ အကျိုးစီးပွားဖြစ်ထွန်း စေရုံသာမက ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် အများနည်းတူ ဝိုင်းဝန်း ပူးပေါင်းပါဝင်ကြရန် လိုကြောင်း တိုက်တွန်းမှာကြပြီး ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကြကာ ယာယီ တိမ်းရှောင်လာသည့် ပြည်သူများအတွက် ငွေကျပ်သိန်း (၂၀၀)ကူညီလှူဒါန်းမှုကို လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်၏ ဗန်းမော်ခရိုင် ခရီးစဉ်အတွင်း ဗန်းမော်မြို့နယ်အတွင်း ဘာသာရေးကျောင်း (၂၁)ကျောင်းတို့နှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များအတွင်း ယာယီ ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုများ၊ ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ဘာသာရေးကျောင်းများ၊ တက္ကသိုလ်များအတွက် ဆန်အိတ်စုစုပေါင်း ၁၄၅၂ အိတ်၊ ကြက်ဥအလုံး ၃၅၂၀ လုံး၊ စားသုံးဆီ ၄၅၂ ဘူး စုစုပေါင်းတန်ဖိုးငွေကျပ် (၁၂၆၀၆၉၃၀၀) နှင့် ငွေသားထောက်ပံ့မှုအနေဖြင့် စုစုပေါင်းကျပ်သိန်း(၅၀၀)ကျော်ကို လည်းကောင်း၊ ယာယီခိုလှုံရာ စခန်းနေ အိမ်ထောင်စုများအတွက် မိုးမကျမီ နေအိမ်များ ပြုပြင်ဆောက်လုပ်နိုင်ရေးနှင့် ရေတွင်း၊ ရေအိမ်သာများ တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေးတို့အတွက် စုစုပေါင်းငွေကျပ် (၂၄၄၅၀၀၀၀)ကို လည်း ကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်