မြစ်ကြီးနား မေ ၅
၂၀၂၄ ခုနှစ်၊ မေ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယနေ့နံနက်ပိုင်း ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက်ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တပ်ဖွဲ့၏သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်များနှင့်ရင်ဆိုင် ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် တပ်ဖွဲ့ဝင်များ ဂုဏ်ဒြပ်ကိုလေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့အဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက် သွားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယို ဖွင့်လှစ်ပြသမှုကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ်(၁၀) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ခန်းမအတွင်းနှင့် ခန်းမအပြင်ဘက်တို့တွင် ခင်းကျင်းပြသထားသော ခေတ်မီ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်များနှင့် ရှာဖွေကယ်ဆယ်ယာဉ် များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)